ဒါရိုက်တာ Adam Wingard ဟာ သေခြင်းတရားကိုဖော်ကျူးတဲ့ လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသူတစ်ယောက်ဖြစ်ပါတယ်။ Dan Stevens ပါဝင်သရုပ်ဆောင်ထားတဲ့ The Guest, You're Next နဲ့ ယမန်နှစ်ကထွက်ရှိခဲ့တဲ့ Blair Witch အစရှိတဲ့ဇာတ်ကားတွေဟာ Adam ရဲ့လက်အောက်ကထွက်ရှိခဲ့တဲ့ဇာတ်ကားတွေပါ။ Adam ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ Netflix ရုပ်သံလိုင်းမှာ ပွဲဦးထွက်စတင်ထုတ်လွှင့်ပြသမယ့် Death Note ဇာတ်လမ်းတွဲကို ညွှန်ကြားဦးစီးတဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဂျပန်စာရေးဆရာ Tsugumi Ohba ရဲ့နာမည်ကျော်ဂျပန်မန်ဂါဇာတ်လမ်းတွဲဖြစ်တဲ့ Death Note ကို ဂျပန်ဗားရှင်း Live Action ရုပ်ရှင်အဖြစ်နဲ့ ၂၀၀၆ ခုနှစ်မှာ ပရိသတ်တွေအားလုံးက တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Death Note Live Action ဇာတ်ကားမှာ နာမည်ကျော်ဂျပန်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Tatsuya Fujiwara က Light Yagami အဖြစ်၊ Kenichi Matsuyama က ထက်မြက်စူးရှတဲ့စုံထောက်ကျော် L အဖြစ်နဲ့ ကိုယ့်ဇာတ်ကောင်နေရာမှာကိုယ် အသီးသီး ရသမြောက်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရောက်ရှိခဲ့ပါတယ်။ ဂျပန်ဗားရှင်း Death Note Live Action ဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တို့မှာ နောက်ဆက်တွဲခွေနှစ်ခွေထွက်ရှိခဲ့ပြီး လှုပ်ရှားမှုသတင်းအစအနတွေ ပြန်လည်ငြိမ်သက်နေခဲ့ရာက ဆယ်နှစ်ကျော်အကြာ၊ ယခု ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Adam Wingard ကနေပြီး သရုပ်ဆောင် Nat Wolff, Margaret Qualley, Lakeith Stanfield တို့နဲ့အတူ ရုပ်သံလိုင်းဇာတ်လမ်းတွဲအဖြစ် ပြန်လည်အသက်သွင်းဖို့ဖြစ်လာပါတယ်။
မူရင်းဇာတ်အိမ်ကို အဓိကအခြေခံထားပြီး ထူးခြားသစ်လွင်စွာဖန်တီးတင်ဆက်သွားတဲ့ အမေရိကန်ဟန်အရသာသစ်နဲ့ အင်္ဂလိပ်ဗားရှင်း Death Note စီးရီးကို သြဂုတ်လ ၂၅ ရက်နေ့အချိန် Netlfix ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ပြသသွားမှာပါ။ တရားဥပဒေဆိတ်ကွယ်ရာက ရာဇဝတ်မှုနဲ့ဒုစရိုက်သားတွေကို တိတ်တဆိတ်သုတ်သင်ရှင်းလင်းနေတဲ့ သေမင်းမှတ်စုစာအုပ်ပိုင်ရှင် Light Turner (မူရင်းအမည် Light Yagami) နေရာမှာ Nat Wolff, တစ်မူထူးခြားတဲ့အတွေးအခေါ်၊ ပုံသဏ္ဌာန်နဲ့ ဉာဏ်ကြီးရှင်စုံထောက်ကျော် L နေရာမှာ Lakeith Stanfield တို့ကအသီးသီး ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ဖော်ကျူးသွားမှာဖြစ်ပြီး အခြားအရေးကြီးဇာတ်ပို့တွေအနေနဲ့ Mia နေရာမှာ Margaret Qualley နဲ့ Masi Oka, Shea Wigham, Willem Dafoe တို့ပါဝင်ကြမှာပါ။ ဂျပန်ဇာတ်လမ်းကိုအခြေခံထားတယ်ဆိုပေမယ့် စီးရီးတစ်ခုလုံးကို အင်္ဂလိပ်ဗားရှင်းအဖြစ်ကူးပြောင်းထားတာဖြစ်တဲ့အတွက် ဇာတ်ကြောင်းပြောင်းလဲပြင်ဆင်မှု၊ ဇာတ်ကောင်အသွင်အပြင်၊ နောက်ခံပတ်ဝန်းကျင် အစရှိတာတွေကတော့ အရင်ဂျပန်ဗားရှင်းရုပ်ရှင်တွေနဲ့မတူဘဲ ကွဲပြားခြားနားစွာ တွေ့မြင်ကြရမှာပါ။
ဒါတွေတင်မက Death Note ဇာတ်လမ်းရဲ့အခရာဇာတ်ကောင်ဖြစ်တဲ့ သေမင်း Ryuk နေရာမှာ ကမ္ဘာကျော်ဗီလိန်သရုပ်ဆောင် Willem DaFoe ကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားတဲ့အတွက် ဒီစီးရီးဟာ မျှော်လင့်ချက်ထားပြီးစောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံအပြင် ကမ္ဘာနဲ့အဝှမ်းက Death Note ပရိသတ်များဟာ တကယ်တမ်း စီးရီးထွက်ရှိလာတဲ့အခါကျရင် မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမလားဆိုတာကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေကြတဲ့အတွက် ဒါရိုက်တာ Adam Wingard အပါအဝင် ဇာတ်ကောင်တစ်ယောက်ချင်းစီ၊ သရုပ်ဆောင်တစ်ယောက်ချင်းစီမှာ ကိုယ်ကျရာဇာတ်ရုပ်ကို ရသမြောက်စွာသရုပ်ဖော်နိုင်ဖို့ တာဝန်အပြည့်အဝရှိနေပါတယ်။ အင်္ဂလိပ်ဗားရှင်း Death Note ဗားရှင်းဇာတ်လမ်းဟာမည်သို့မည်ပုံရှိတယ်ဆိုတာကို မြည်းစမ်းသိရှိချင်တယ်ဆိုရင်တော့ ဇွန်လအကုန်ပိုင်းက တရားဝင်ထွက်ရှိခဲ့တဲ့ Netflix Death Note ထွေလာကိုသွားရောက်ကြည့်ရှုကြဖို့ ညွှန်းလိုက်ချင်ပါတယ်။
Death Note Netflix
Yan (10.7.2017)
Ref: Wikia, ew.com, theverge
Comments
Post a Comment