ကြေကွဲဖွယ်ရာအတိတ်နဲ့ Tatsu Yamashiro ဒါမှမဟုတ် Katana ရဲ့မူလဇာတ်ကြောင်း


အခုဖော်ပြပေးမဲ့အကြောင်းအရာကတော့လက်ရှိ Suicide Squad အဖွဲ့ဝင်တဦးဖြစ်တဲ့ Katana ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Suicide Squad ရဲ့ trailer ကို လူတော်တော်များများကကြည့်ရှုပြီးပြီဖြစ်တဲ့အလျောက် animated film ထဲကအဖွဲ့ဝင်တွေကလွဲလို့ လူတွေသိပ်မသိကျသေးတဲ့ ဇာတ်ကောင် သုံးလေးယောက်လောက် ပါဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ဂျပန်ဓားရှည်ကိုကိုင်ဆောင်ထားတဲ့ Katana နဲ့ပတ်သတ်ပြီး သိချင်သူများအဖို့ အကြမ်းဖျင်း ဒီ post မှာတင်ပြသွားပေးမှာဖြစ်ပါတယ်။

အခုဒီမှာ Katana ရဲ့ဘ၀ဇာတ်ကြောင်းအနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။ သူမရဲ့အမည်ရင်းကတော့ Tatsu Yamashiro ဖြစ်ပြီး ငယ်စဉ်ဘ၀ကို သာမန်ဂျပန်အမျိုးသမီးတစ်ဦးအဖြစ်နဲ့ ရိုးသားစွာရပ်တည်ခဲ့ပါတယ်။ မိဘတွေရဲ့လမ်းကြောင်းပေးမှုကြောင့် ကိုယ်ခံပညာရပ်မှာ ထူးခြားစွာစိတ်ဝင်စားမှုရှိခဲ့ပြီး လေ့လာခဲ့ပါတယ်။ သာမန်အမျိုးသမီးတွေရဲ့ငယ်စဉ်ဘ၀ဖြစ်စဉ်သဘာဝအရ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Maseo နဲ့ Takeo တို့ဟာ Tatsu ကိုအချစ်စစ်နဲ့ပြိုင်တူချစ်ခဲ့ကြပြီး အပြိုင်အဆိုင်သူမရဲ့အချစ်ကိုရယူဖို့ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ ညီအကိုနှစ်ယောက်စလုံးကို မေတ္တာသက်ဝင်မှုရှိခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ Maseo ကိုရွေးချယ်သွားတဲ့အတွက် ကျန်ရစ်ခဲ့သူ Takeo ဟာ အဲဒီအချစ်ရှုံးနိမ့်မှုအပေါ်မှာအငြိုးအတေးထားပြီး ယာကူဇာထဲကိုဝင်သွားခဲ့ပါတယ်။

ဒီလိုနဲ့ Tatsu ရဲ့ မိဘနှစ်ပါးသေဆုံးသွားပြီးတဲ့နောက်မှာတော့ လင်မယားနှစ်ယောက်ဟာ သာမန်မိသားစုဘ၀နဲ့အခြေတကျနေထိုင်ခဲ့ကျပြီး Yuki နဲ့ Reiko ဆိုတဲ့အမွှာနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ယာကူဇာထဲကိုဝင်သွားခဲ့တဲ့ အချစ်ရှုံးသမား Takeo ဟာ ယာကူဇာတွေထဲမှာ နာမည်ရလာခဲ့ပြီး မှော်ဝင်ရှေးဟောင်းလက်နက်တွေကို စုဆောင်းတဲ့စိတ်ဝင်စားမှုအားက ပြင်းထန်ကြီးမားလာခဲ့ပါတယ်။ ယာကူဇာ Takeo ဟာသူ့ရဲ့အချိန်တွေကို သူ့နဲ့ညီအကိုဖြစ်သူ Maseo နဲ့ တစ်ယောက်တယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး Tatsu ကိုအရယူဖို့ ပြင်ဆင်ရင်းအားခဲထားခဲ့ပါတယ်။ တစ်ချိန်မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာပြန်လည်တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် အသေအကြေယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာပဲ သူတို့ Yamashiro နယ်မြေအပိုင်းဟာ မီးဘေးကျရောက်ခဲ့ပါတယ်။ ယာကူဇာ Takeo ဟာသူ့ရဲ့အစ်ကိုဖြစ်သူ Maseo ကိုတစ်ချိန်တည်းမှာ Soultaker ဖြစ်လာမဲ့ဓားနဲ့ထိုးသတ်လိုက်ပါတယ်။ Tatsu ဟာ အဲဒီချိန်ကိုမှီအောင်အပြေးလာခဲ့ပေမဲ့လည်း အချိန်နှောင်းသွားခဲ့ပါပြီ။ အဲဒီဓားထဲကနေထွက်လာတဲ့ သူ့ယောက်က်ျားရဲ့အသံကြောင့် ရတဲ့အခွင့်အရေးကိုအသုံးချလို့Takeo ရဲ့ဓားကိုယူပြီး မီးဘေးကနေ အသတ်အန္တရာယ်ကနေ လွတ်မြောက်အောင်ရုန်းကန်ထွက်ပြေးခဲ့ရပါတယ်။ အမွှာကလေးနှစ်ယောက်ကတော့ မီးဘေးထဲမှာ အသက်ဆုံးရှုံးသွားခဲ့ရပါပြီ။

အဲဒီဖြစ်စဉ်တွေပြီးတဲ့နောက်မှာတော့ Tatsu ဟာတရားမျှတမှုအတွက် တိုက်ခိုက်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆာမူရိုင်း Tadashi ရဲ့လက်အောက်မှာပြင်းထန်စွာ လေ့ကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ပို့ချတဲ့ပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လာတဲ့နောက်ပိုင်းမှာတော့ တရားမမျှတမှုတွေကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့ အမေရိကကို ထွက်လာခဲ့ပါတော့တယ်။ ဒါဟာ Tatsu Yamashiro ရဲ့ဘ၀ကနေ Katana ဘ၀ကိုကူးပြောင်းတဲ့အစပထမလို့ပြောရမှာပဲဖြစ်ပါတယ်။ ကျန်တဲ့ဇာတ်ကြောင်းကိုတွေဆက်လက်ဖော်ပြပေးချင်ပေမဲ့လည်း Suicide Squad ထွက်လာတဲ့အခါ ဇာတ်ကြောင်းနောက်ခံတူနေရင် Spoiler သဘောမျိုးဖြစ်သွားမှာဆိုးတဲ့အတွက် ခဏဒီမှာပဲ Tatsu ရဲ့ဘ၀ origin မှာရပ်ထားပါရစေ။ Katana ဟာ Outsiders, Bird of Preys နဲ့ Suicide Squad ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ အရေးကြီးဖြစ်စဉ်တခုမှာ Justice League က Batman ကိုကူညီပေးဖို့ပျက်ကွက်ခဲ့တဲ့အတွက် Batman ဟာ Justice League ထဲကနေနှုတ်ထွက်သွားပြီး Katana, Black Lightning, Halo, Geo-Force နဲ့ Metamorpho တို့ကိုစုစည်းလို့ သူကိုယ်တိုင်ဦးဆောင်ပြီး Outsiders အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ မှတ်သားဖွယ်ရာကတော့ Katana ရဲ့ဓားဟာ Soultaker လို့အမည်ရပြီး သူမယောက်က်ျားရဲ့အသက်ဝိညာဉ်ဟာလည်း အဲဒီဓားနဲ့ အတူတူယှဉ်တွဲတည်ရှိနေပါတယ်။ အဲဒီဓားဟာ ဇီဝိန်ချွေလိုက်တဲ့လူရဲ့အသက်ဝိညာဉ်ကို သိမ်းဆည်းထားနိုင်ပြီး လိုတဲ့အချိန်မှာလိုသလိုပြန်ပြီး အသက်သွင်းဖော်ဆောင်ပေးလို့ရတယ်လို့လည်းသိရပါတယ်။ နောက်တစ်ခေါက်ဖော်ပြပေးမဲ့ပို့စ်မှာတော့ Batman ဖွဲ့စည်းပြီး Katana ပါဝင်တဲ့ Outsiders အဖွဲ့အကြောင်းကိုဖော်ပြပေးပါမယ်။

10.6.16 (Katana)

Comments