Suicide Squad ဟာ Task Force X လို့အမည်ရတဲ့ DC Universe ရဲ့စူပါဗီလိန်တွေပေါင်းစည်းထားတဲ့အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။ အမေရိကန်အစိုးရစစ်တပ်ရဲ့အကြီးအကဲတွေဟာ သာမန်နည်းလမ်းနဲ့ အဖြေရှာလို့မရတဲ့ပုစ္ဆာတွေ၊ အန္တရာယ်များလွန်းတဲ့စွန့်စားမှုတွေ၊ အနက်ရောင်စစ်ဆင်ရေး (black ops) တွေ အစရှိတာတွေမှာ အသုံးချဖို့အတွက် သေဒဏ်ပေးခဲ့ရတော့မဲ့ တကယ့်လူဆိုးဗီလိန်တွေ၊ တသက်တာလုံးအကျဉ်းထောင်ထဲမှာနေသွားရတော့မဲ့ အကျဉ်းသားတွေထဲကမှ အရည်အချင်းပြည့်မှီသူတွေကိုစစ်ထုတ်ပြီး အခုလိုဗီလိန်လက်ရွေးစင်တွေပေါင်းထားတဲ့ Suicide Squad ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာအမေရိကန်အစိုးရအကြီးအကဲ တယောက်ဖြစ်တဲ့ Amanda Waller ရဲ့အမိန့်အောက်ကနေတဆင့် စစ်ဆင်မှုတွေကိုဖော်ဆောင်ပေးသွားရတာပါပဲဖြစ်ပါတယ်။
Suicide Squad ရဲ့ဇာတ်လမ်းအရင်းအမြစ်ကိုပြောပြရမယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ် (WW2) ကနေစရပါလိမ့်မယ်။ မူလပထမ Suicide Squad ဟာ ဒုတိယကမ္ဘာစစ်ကစစ်သားတွေနဲ့ ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာစစ်တုန်းက တိုက်ပွဲတစ်ပွဲကိုဆင်နွှဲဖို့အတွက် Dinosaur Island လို့ခေါ်တဲ့ကျွန်းတကျွန်းကို Rich Flag ဦးဆောင်တဲ့ စစ်သားများအဖွဲ့ကချီတက်လာခဲ့တာပဲဖြစ်ပါတယ်။ အစိုးရရဲ့လျှို့ဝှက်အမိန့်အောက်မှာ ကြိုးဆွဲရာကကျရပြီး စစ်ဝါဒမာန်တွေထောင်လွှားနေကျတဲ့အဲ့ဒီ့တပ်ဖွဲ့ဟာ သူတို့ကိုယ်သူတို့ Squadron S (Suicide Squadron) လို့အမည်ပေးသတ်မှတ်ထားကျပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင် Rich Flag ဟာခေါင်းဆောင်ပီသစွာနဲ့ Suicide Squadron ကို အစိုးရအကြီးအကဲတွေရဲ့ ရုပ်သေးရုပ်ဆိုတဲ့အမြင်ကနေ လက်ရွေးစင်အထူးစစ်သည်တွေပေါင်းစည်းထားတဲ့လျှို့ဝှက်အဖွဲ့ဆိုပြီး သူ့ရဲ့အဖွဲ့ဝင်တွေကို အသိဝင်လာအောင်လမ်းကြောင်းပေးခဲ့ပါတယ်။ သူတို့ဟာ ဒုတိယကမ္ဘာစစ်တုန်းက ကိုရီးယားစစ်ပွဲမှာလည်းပါဝင်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးတခုမှာ Rich Flag ဟာ အဲ့ဒီ့စစ်ဆင်ရေးကိုအောင်မြင်ဖို့အတွက်သူ့ကိုယ်ကို အသေခံစတေးလိုက်ခဲ့တဲ့နောက်ပိုင်း Suicide Squadron ရဲ့လှုပ်ရှားမှုတွေဟာ ပျောက်ချင်းမလှအစပျောက်သွားခဲ့ပြန်ပါတယ။, နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Jeb Stuart ဟာ Suicide Squad ကိုအသက်ပြန်သွင်းဖို့ရည်ရွယ်ချက်နဲ့ Rich Flag ရဲ့သားဖြစ်သူ Rich Flag Jr ရဲ့ခေါင်းဆောင်မှုအောက်ကနေ လှုပ်ရှားမှုတွေပြန်လည်စတင်ခဲ့ပြန်ပါတယ်။
ပြန်လည်ဖွဲ့စည်းလိုက်တဲ့ Suicide Squad မှာ သူတို့နှစ်ယောက်အပြင် အာကာသပညာရှင် Hugh Evans၊ နူကလီးယားပညာရှင် Jess Bright နဲ့ စစ်ဘက်ဆိုင်ရာဆရာဝန်မလေး Karin Grace တို့ပါဝင်ကျပါတယ်။ အဖွဲ့ဝင်ကိုယ်စီကိုယ်စီမှာ ၀မ်းနည်းကြေကွဲဖွယ်အတိတ်ဇာတ်လမ်းတွေရှိကြပြီး အဲဒီကနေမြစ်ဖျားခံလာကျတဲ့ တစ်ဦးချင်းစီရဲ့ အငြိုးအတေးနဲ့နာကျည်းချက်တွေဟာ အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ ရက်စက်ကြမ်းကြုတ်မှုတွေအဖြစ်နဲ့သာ ထွက်ပေါ်ထင်ဟပ်လာခဲ့ပါတယ်။ အဲဒီဒုတိယအကြိမ်ထပ်မံဖွဲ့စည်းလိုက်တဲ့ Suicide Squad မှာလေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတပုဒ်ရှိခဲ့ပါတယ်။ သူတို့ရဲ့ပထမစစ်ဆင်ရေးက သမိုင်းဝင်သားရဲသတ္တ၀ါကြီးဖြစ်တဲ့ Red Wave Beast ကိုအမြစ်ဖြစ်ချေမှုန်းဖို့ဖြစ်ပြီး နောက်ဆုံးစစ်ဆင်ရေးကတော့ ကမ္ဘောဒီးယားမှာရှိတဲ့ ဘုရားကျောင်းတကျောင်းကိုသွားရောက်စုံစမ်းဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးစစ်ဆင်ရေးရဲ့အဆုံးမှာ Rick, Karin, Bright နဲ့ Evans တို့ရဲ့လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဟာ သူတို့ရဲ့အတိတ်ဘ၀ကဇာတ်ကြောင်းတွေလိုပဲ ၀မ်းနည်းကြေကွဲစွာနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အချိန်တွေကြာလာခဲ့ပါပြီ။ တဖြည်းဖြည်းနဲ့ အိုဟောင်းမှေးမှိန်ပျောက်ကွယ်သွားတော့မဲ့ Suicide Squad ရဲ့သမိုင်းတောက်လျှောက် အချက်အလက်တွေဟာ အမေရိကန်စစ်ဘက်ဆိုင်ရာ အစိုးရအကြီးအကဲတဦးဖြစ်တဲ့ Amanda Waller ရဲ့ရှာဖွေတွေ့ရှိခြင်းကိုခံလိုက်ရတဲ့နောက်ပိုင်းမှာတော့ နောက်တဖန်ထပ်မံပြီး အသက်သွင်းဖွဲ့စည်းခြင်းကိုခံလိုက်ရပါတော့တယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့မှာတော့ Rich Flag Jr အပြင်လူသစ်တွေဖြစ်ကြတဲ့ Deadshot, Bronze Tiger, Blockbuster, Caption Bomerang နဲ့ Enchantress တို့ပါဝင်ကျပါတယ်။ Comic မှာစပြီး Suicide Squad ထွက်ပေါ်လာခဲ့တဲ့သက်တမ်းလျှောက်မှာ သုံ့ပန်းကိုသွားကယ်တဲ့စစ်ဆင်ရေးတွေ၊ Black Lantern တွေနဲ့တိုက်ခိုက်တာတွေ၊ Zombie တွေနဲ့ရင်ဆိုင်ရတာတွေ၊ ထူးဆန်းတဲ့သားရဲကြီးတွေနဲ့ တိုက်ပွဲဝင်တာတွေ စသည်စသည်ဖြင့် Suicide Squad ကိုပုံစံအမျိုးမျိုး ဇာတ်အိမ်အမျိုးမျိုးနဲ့ ထပ်ကာထပ်ကာ အသက်သွင်းရေးဆွဲခဲ့ပါတယ်။
Suicide Squad နဲ့ပတ်သတ်တဲ့ မှတ်သားဖွယ်ရာတစ်ခုကတော့ တစ်ချိန်တုန်းက သူတို့ရဲ့ စစ်ဆင်ရေးတခုဟာ Batman ရဲ့ Arkham Asylum ထဲကိုထိုးဖောက်ဝင်ရောက်ဖို့ပဲ ဖြစ်ခဲ့ပါတယ် (Assault On Arkham ဆိုပြီး 2014 တုန်းက DC Comic ရဲ့ Animated Movie အနေနဲ့ထွက်ရှိပြီးဖြစ်ပါတယ်) ရည်ရွယ်ချက်ကတော့ Arkham အကျဉ်းထောင်ထဲမှာချုပ်နှောင်ထားတဲ့ Riddler ဆီကနေ အစိုးရအတွက်အရေးကြီးတဲ့ လျှို့ဝှက်အချက်အလက်တွေကို သွားယူဖို့ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ သူတို့သက်တမ်းတလျှောက်ကိုင်တွယ်လာခဲ့တဲ့ကိစ္စတွေထဲမှာ အခက်ခဲဆုံးဖြစ်နေခဲ့တာကြောင့် တချို့အဖွဲ့ဝင်တွေက ပါဝင်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့အဖွဲ့ထဲမှာ Arkham Asylum နဲ့အထိအတွေ့အရှိခဲ့ဆုံး Harley Quinn လည်းပါဝင်တဲ့အတွက်ကြောင့် သူတို့ဟာ Arkham Asylum ကို ထိုးဖောက်ဝင်ရောက်ဖို့သဘောတူခဲ့ပါတယ်။ Harley Quinn မှာရှိတဲ့ Arkham Asylum နဲ့ပတ်သတ်တဲ့ဗဟုသုတဟာ စွယ်စုံကျမ်းတခုလိုပဲလို့တောင် ချီးမွမ်းသုံးနှုန်းလိုက်ပါသေးတယ်။
Suicide Squad - Origins
Ref from DC Wikia, Wikipedia and Cinemablend
Comments
Post a Comment