Mentors Of Batman


အခုဖော်ပြပေးမယ့်အကြောင်းအရာကိုတော့ Mentors of Batman လို့ခေါင်းစဉ်တပ်ထားပါတယ်။ ရှာရှာဖွေဖွေနှိုက်နှိုက်ချွတ်ချွတ် ရှာထားပါတယ်။ အားလုံးကိုဒီကနေတဆင့်ပြန်လည်မျှဝေချင်ပါတယ်။ Mentors of Batman ဆိုတဲ့အတိုင်း Batman ဟာအခုလိုမျိုး Batman ဆိုပြီးဖြစ်လာဖို့အတွက် သူ့မှာလည်း ခက်ခဲကြမ်းတမ်းစွာ သင်ယူလေ့လာဆည်းပူးရမယ့် အချိန်ဆိုတာရှိခဲ့ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတဲ့အတိုင်း Bruce Wayne မှာ သင်ပြသူပေါင်း ၄၁ ယောက်ရှိခဲ့ပါတယ်။ လူတွေသိကြတာကတော့ Batman: Origins ထဲက Ra’s la Ghul တယောက်တည်းရှိပါတယ်။ အဲဒီတစ်ယောက်တည်းရဲ့သင်ပြမှုနဲ့တော့ Batman ဟာဘက်ပေါင်းစုံမှာ မထူးချွန်လာနိုင်ပါဘူး။ အခုဒီမှာ အဲဒီ ၄၁ ယောက်ထဲကမှ အထင်ကရအဖြစ်ဆုံး ၆ ယောက်နဲ့ သူတို့ရဲ့ဇစ်မြစ်တွေကို ယေဘုယျအနေနဲ့ တစ်စုတစည်းတည်းဖော်ပြသွားမှာပါ။

6. Kirigi (Paektu-San Mountain, North Korea)

Master Kirigi ဟာ ကိုယ်ကျင့်တရားသိပ်မဖြောင့်မတ်တဲ့ Ninjitsu Sensai ဖြစ်ပြီးတော့ Bruce Wayne ပါ ပါဝင်တဲ့ Ra’s Al Ghul ရဲ့လက်ရွေးစင် Assassin များအဖွဲ့ကိုလေ့ကျင့်ပေးရာမှာ တစိတ်တဒေသ ပါဝင်ကူညီပေးခဲ့သူဖြစ်ပါတယ်။ သူဟာ Bruce ကိုလက်ကွက်တချက်တည်းနဲ့ ရန်သူကို ဇီဝိန်ချူပ်စေနိုင်တဲ့ Vibrating Palm Strike ဆိုတဲ့ သိုင်းကွက်တစ်ကွက်ကိုသင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Bruce ဟာ ဘယ်တုန်းကမှ အဲဒီသိုင်းကွက်ကိုမသုံးခဲ့ပါဘူး။ Jason Todd သေဆုံးသွားပြီးနောက်မှာ နင်ဂျာအဖွဲ့တွေနဲ့ Bruce ရင်ဆိုင်နေရချိန်တုန်းက Kirigi ပါ ပြန်ပြီးထွက်ပေါ်လာတာကို တွေ့မြင်နိုင်ပါတယ်။

5. Don Miguel (Rio De Janeiro, Brazil)

Don Miguel ဟာကားရာဇ၀တ်မှုတွေကို ပညာသားပါပါ ကျူးလွန်တဲ့ဘရာဇီးသားတဦးဖြစ်ပါတယ်။ Batman ရဲ့ Batmobile ကို တည်ဆောက်ဖန်တီးတဲ့နေရာမှာ သူ့ရဲ့စက်ယန္တရားအတွေ့အကြုံတွေ၊ နည်းလမ်းတွေနဲ့ အကြံအစည်ပေါင်းများစွာကို အသုံးချခဲ့ရပါတယ်။ ဒါပေမဲ့လည်း ၁၉ နှစ်သားဖြစ်တဲ့ Bruce နဲ့ အဆင်မပြေမှုတချို့ရှိခဲ့တာကြောင့် နောက်ပိုင်းမှာ လမ်းခွဲသွားရတယ်လို့ဆိုပါတယ်။

4. The Shaman (Alaska, USA)

The Shaman ဟာ အသက်အရွယ်အရရော ဉာဏ်ပညာအရပါကြီးမြတ်တဲ့ အမေရိကန်မထင်မရှားမျိုးနွယ်စုတစ်ခုက ဖြစ်ပါတယ်။ Bruce ရဲ့သက်တမ်းတလျှောက်မှာ Shaman နဲ့တွေ့ဆုံမှုမျိုးဟာ မထင်မှတ်ထားပဲတကွေ့ကွေ့မှာ ဆုံကြတာမျိုးပဲဖြစ်ပါတယ်။ ကြေးစားမုဆိုး Willy Doggett ရဲ့လက်အောက်မှာ Bruce Wayne လေ့ကျင့်နေတဲ့အချိန်တုန်းက Gotham အပြန်လမ်းမှာ လူသတ်သမား Thomas Woodley ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး Doggett ဟာ လူသတ်သမားလက်ချက်နဲ့ တစ်ခါတည်း အဲဒီနေရာမှာ အသက်ဆုံးရှုံးသွားခဲ့ပြီး Bruce ဟာ ဒဏ်ရာအကြီးအကျယ် ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ အဲဒီလူသတ်သမားကတော့ ထွက်ပြေးသွားခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့ Bruce ဟာမျှော်လင့်ချက်ပျောက်ပြီး သေလုဆဲဆဲဖြစ်နေတဲ့အချိန်မှာ Shaman ရဲ့ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ပြန်လည်ထူထောင်နေတဲ့ကာလအတွင်းမှာ Shaman ဟာ Bruce ကိုလင်းနို့မျက်နှာဖုံးအုပ်ပေးပြီး ရှေးဟောင်းရိုးရာပုံပြင်လေးတပုဒ်ကိုပြောပြခဲ့ပါတယ်။ Bruce ဟာ Shaman ပြောပြခဲ့တဲ့ပုံပြင်ကို စိတ်ထဲမှာစွဲမှတ်သွားပြီး သူ့ရဲ့ဝတ်ရုံနဲ့ ခေါင်းဆောင်းကိုဖန်တီးခဲ့ပါတယ်။ Shaman ဟာ Bruce ကို မျက်နှာဖုံးတပ်တာကိုသင်ပေးခဲ့တာမဟုတ်ပဲ မျက်နှာဖုံးတစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးခဲ့တာပါ။

3. Shihan Matsuda (Himalayas)

Shihan Matsuda ဟာ Zen ဘုန်းကြီးသူရဲကောင်းတယောက်ဖြစ်ပြီး တိဘက်မှော်ပညာရှင်တွေနဲ့ သိုင်းဆရာတွေကြားမှာရှင်သန်လာခဲ့တဲ့အတွက် အသုံးချစိတ်စွမ်းအင်ကို တဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ်။ Shihan ဟာသူ့ရဲ့မွေးရပ်ဂျပန်မှာကြုံတွေ့ခဲ့ရတဲ့ ဘ၀အပြောင်းအလဲအချို့ကြောင့် လူပုဂ္ဂိုလ်အရာအားလုံးကို မယုံကြည်နိုင်တဲ့စိတ်ဟာ သူ့ဆီမှာရင့်သန်နေပါပြီ။ သူဟာ Bruce ကို အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်နေရင်တောင်မှ မျက်စိစုံမှိတ်မယုံကြည်မိဖို့၊ ဘယ်လိုနေရာကိုရောက်ရောက်အားလုံးကို သတိသံသယနဲ့ဆက်ဆံဖို့ အစရှိတာတွေကို သင်ပြပေးလိုက်ပါတယ်။

2. Chu Chin Li (People Republic of China)

Chu Chin Li ဟာ ယာခူဇာလူသတ်သမား Tsunemoto နဲ့တူတူတွဲပြီး Bruce Wayne ကိုကိုယ်ခံပညာ သိုင်းပညာတွေသင်ပြပို့ချပေးခဲ့သူဖြစ်ပါတယ်။ Bruce ရဲ့လက်ရှိတတ်မြောက်ထားတဲ့ ကိုယ်ခံပညာစွမ်းပကားဟာ Chu Chin Li ကြောင့် ထူးချွန်ပြောင်မြောက်နေတာလို့ဆိုရမှာဖြစ်ပါတယ်။ Bruce ဟာ Chu Chin Li ရဲ့အချစ်ရဆုံးတပည့်တယောက်ဖြစ်ခဲ့ပြီး သူတတ်မြောက်ထားသမျှအရာတွေအကုန်လုံး ဆရာစားမချန် Bruce ကိုသင်ပေးခဲ့တဲ့အပြင် သူ့ရဲ့ကျောင်းမှာ ထာဝရနေထိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အနာဂတ်အတွက်အစီအစဉ်တွေရှိတဲ့ Bruce ဟာအတောင်စုံလာချိန်မှာတော့ စွန့်ခွာလာခဲ့ပါတယ်။

1. Harvey Harris (Huntsville, Alabama, USA)

Harvey ဟာ Batman ရဲ့ပထမဆုံးလက်ဦးဆရာပါ။ သူဟာ DC comic ထဲမှာဝါအကြီးဆုံးနဲ့ လိမ္မာအပါးနပ်ဆုံး စုံထောက်ဖြစ်ပါတယ်။ Bruce Wayne ဟာငယ်စဉ်ဘ၀က Robin လိုဝတ်ဆင်ပြီး Harvey ရဲ့လက်အောက်မှာ တပည့်အနေနဲ့ သူအမှုစုံစမ်းရာနောက်တကောက်ကောက် လိုက်နေရတယ်လို့သိရပါတယ်။ Bruce ဟာသူ့ရဲ့ငယ်စဉ်ဘ၀ကအချိန်တွေကို Harvey ရဲ့စုံစမ်းထောက်လှမ်းမှုမှာဝင်ကူညီပေးပြီး ကုန်လွန်သွားစေခဲ့ပါတယ်။ ဒါတွေကပဲသူ့ကို စူးရှထက်မြတ်တဲ့စုံထောက်တစ်ယောက်ဖြစ်အောင် ထောက်ပံ့တွန်းပို့ပေးခဲ့တယ်လို့ယူဆရပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ၆ ယောက်ဟာ Batman ကိုဘက်ပေါင်းစုံထူးချွန်လာအောင်လုပ်ပေးခဲ့တဲ့ဆရာတွေပါပဲ။ အီဂျစ်၊ ပြင်သစ်နဲ့ တိဘက်ကဆရာတွေအကြောင်းကိုလည်း နောက်အလျဉ်းသင့်ရင်သင့်သလိုပြောပြပေးချင်ပါတယ်။ မှတ်သားဖွယ်အချက်တစ်ချက်ကတော့ Alfred ဟာလည်း Bruce ကိုလူကြီးလူကောင်းဆန်အောင် ပြုမူနေထိုင်တဲ့နေရာမှာရော စကားပညာအရာမှာပါ လိမ္မာပါးနပ်အောင်သင်ပြပေးခဲ့တဲ့ ဆရာတယောက်ပဲဖြစ်ပါတယ်တဲ့။

Mentors of Batman 
Ref : DCU Wikia, Quora, Whatculture, imdb, Lockerdome

Comments